ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က ပင်လယ်ဝနဲ့နီးတဲ့ မိန်းမလှကျွန်းပတ်လည်မှာ ဂဏန်းထောင်တဲ့ လှေတွေကို တွေ့ရတာပါ။ အဲဒီထဲမှာ လှေထဲမှာအိပ် လှေထဲမှာစားပြီး ကဏန်းထောင်တဲ့အလုပ်နဲ့ ဝမ်းစာရှာနေတဲ့ ကိုငြိမ်းချမ်းနဲ့ မသင်းသင်းခိုင်ဆိုတဲ့ ဇနီးမောင်နှံကိုလည်းတွေ့ရပါတယ်။
“အခုက အကြွေးတွေက ပေးစရာရှိတယ်ဆိုပြီးတော့ ပိုက်ဆံလေးများ အိမ်မှာထက်စာရင် ရမယ်ဆိုပြီးတော့ ဘေးထွက်ရှာတာ။ ဘေးထွက်တာလည်း မရပါဘူး။ ပထမကတော့ ပိုလျှံပါတယ်၊ သူ့ဟာလေးနဲ့သူ။ အခုက လှေဝယ်ပြီးမှ ကျွန်တော်တို့ လှေလည်း ဝယ်တယ်။ ကလေးမွေးတော့ ဘေးက အတိုးတွေ ဘာတွေနဲ့ ဆွဲရတော့ အဲဒီမှာကြပ်တာ။ အကုန်လုံး ပိုက်ဆံ ဆယ်သိန်းလောက် အကြွေးတင်သွားတယ်။ အဲဒါဆပ်ဖို့ဆိုပြီးတော့ လုပ်တာ။ အခုကုန်ဈေးနှုန်းကလည်း တက်လာတဲ့အခါကျတော့ ကိုယ်ရှာတာနဲ့ ကုန်တာနဲ့က ဘဲစားဘဲချေလောက်ပဲ ကျနေတာပေါ့။ မပိုလျှံဘူး။ အကြွေးဆပ်ဖို့ကို မလှည့်နိုင်ဘူး”
ကိုငြိမ်းချမ်းက လက်ရှိ အသက် ၂၃ နှစ်ဖြစ်ပြီး တောင်ယာကြီးရွာက ဖြစ်ပါတယ်။ အသက် ၁၄ နှစ်သားကတည်းက ဏန်းထောင်တဲ့အလုပ် လုပ်ခဲ့ပြီး သင်္ဘောပေါ်ကပြုတ်ကျထားတဲ့ဒဏ်ကြောင့် ကိုယ်ခန္ဓာ သိပ်မသန်ဘူးလို့ သိရပါတယ်။ သူ့ဇနီး မသင်းသင်းခိုင်က လက်ရှိ အသက် ၂၀ အရွယ် ဖြစ်ပြီး ဖျာပုံခရိုင်၊ အမာမြို့ ဇာတိပါ။ သူလည်းပဲ ငယ်ငယ်က ဆိုင်ကယ်နဲ့တိုက်မိရာကနေ မျက်လုံးတစ်ဖက်ကွယ်နေတဲ့သူ ဖြစ်ပါတယ်။ သူတို့မှာ သုံးလအရွယ်သမီးတစ်ယောက်နဲ့ နှစ်နှစ်ဝန်းကျင် သားတစ်ယောက်ရှိပြီး လှေပေါ်မှာပဲ ကြီးပြင်းနေရတာပါ။
ဇနီးမောင်နှံနှစ်ဦးစလုံးက မသန်စွမ်းကြတဲ့အတွက် တခြားသူတွေထက် ပိုပြီး ဒုက္ခရောက်တယ်လို့ ကိုငြိမ်းချမ်းတို့ရဲ့အိမ်နီးချင်း မမြမြဝင်းက ပြောပါတယ်။
“သူတို့မှာ မသန်လည်း မသန်စွမ်းကြဘူးလေ၊ လင်ရောမယားရော။ မသန်စွမ်းတဲ့အခါမျိုး ဒီလှေကလည်း သေးတယ်။ နောက်ပြီး ကလေးတွေကလည်း အဲဒီလိုမျိုး တစ်နှစ်တစ်ယောက်မွေးထားတဲ့ အခါမျိုးတော့ သူတို့တွေမှာ အကြွေးတွေက များတယ်”
လက်ရှိမှာ ကုန်ဈေးနှုန်းကြီးပြီး ကဏန်းကလည်း သိပ်မမိတဲ့အတွက် စားဝတ်နေရေး ခက်ခဲတယ်လို့ မသင်းသင်းခိုင်က ပြောပါတယ်။
“ဈေးနှုန်းတွေက တအားတက်၊ ကဏန်းဈေးကလည်း ဈေးမရှိတော့ ကိုယ်ရောင်းရ ချရတာ အဆင်မပြေဘူးပေါ့နော်။ ဘယ်လို ဝယ်စားရလဲဆိုတော့ အခု ဆန်ကွဲဆန်တောင်မှ တစ်ပြည်ကို ငါးထောင်လောက်ပေးရတယ်။ ကိုယ်က ရတာက အဲလောက်ထိအောင် မရဘူးပေါ့နော်။ သားအမိတွေက တစ်နေ့ကို တစ်ပြည်လောက်ချက်နေရတာ အဆင်မပြေဘူးပေါ့”
၂၀၂၄ စစ်ကောင်စီသန်းခေါင်စာရင်းအရ မြန်မာပြည်လူဦးရေ ၅၁ သန်းကျော် ရှိပါတယ်။ အဲဒီအထဲက သုံးပုံတစ်ပုံနီးပါးဖြစ်တဲ့ လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN-OCHA ) က ထုတ်ပြန်ထားပါတယ်။ အဲဒီ ၁၆ သန်းကျော်ထဲမှာ ကိုငြိမ်းချမ်းတို့လိုဘဝတွေက သာဓက ဖြစ်နိုင်ပါတယ်။
သူတို့မိသားစု တစ်ရက်အတွက် ဓာတ်ဆီဖိုးနဲ့ စားစရိတ် ငွေကျပ်သုံးသောင်းဝန်းကျင် လိုအပ်တယ်လို့ ပြောပြပါတယ်။ ဏန်းအကြီး တစ်ကီလိုကို ကျပ် ၁၇၀၀၀ ကနေ နှစ်သောင်း၊ အသေး တစ်ကီလိုကို ကျပ်တစ်သောင်းနဲ့ ရောင်းရတာကြောင့် သူတို့ဝင်ငွေက တစ်ရက်ကို ကျပ်တစ်သောင်းကနေ သုံးသောင်းဝန်းကျင်ပဲ ရှိပါတယ်။ နေ့တိုင်း ဒီလိုဝင်ငွေမရတဲ့အတွက် အလုပ်လုပ်ရင်းနဲ့ပဲ စားဝတ်နေရေး ပိုပြီး ကျပ်တည်းနေကြတာပါ။
“အစားအသောက်တောင်မှ မစားဘူး။ ထမင်းလောက်ပဲပေါ့ စားတယ်။ မုန့်တွေ ဘာတွေတောင် မစားဘူး။ ပိုက်ဆံက ရှာလို့မှ မရတာ။ ဏာန်းကလည်း ထောင်လို့မရဘူး။ ကိုယ်ကလည်း ဒီလောက်ပဲ ကျွမ်းကျင်တာကိုး။ လှေလေးကလည်း ကြီးမယ်၊ ပိုင်တန်းဆင်ဖို့ ပိုက်ဆံလေးလည်း ရှိမယ်ဆိုရင် လေးငါးဆယ်သိန်းလောက် ရှိလို့ရှိရင် ကျွန်တော် ပိုင်တန်းပစ်ဖို့ အစီအစဉ်ရှိတယ်”
ဆင်းရဲခက်ခဲလွန်းတဲ့ သူတို့ဘဝမှာ ရင်သွေးနှစ်ယောက် ရှင်သန်အောင် ဘယ်လိုကြိုးစားနေကြပါလဲ။
“ညဘက်ဆိုလည်း သတိထားအိပ်ရတာပေါ့နော်။ ကလေးတွေကို ညဖက်ကျရင် ချောင်းထဲ ပြုတ်ကျမှာစိုးလို့။ တခါ ချောင်းထဲပြုတ်ကျသေးတယ်။ ခေါင်းလေးပဲ ပေါ်တယ်။ အဲဒါ အဆွဲမြန်လို့ အဆွဲမမြန်ရင် မလွယ်ဘူး။ ဟိုကလေးလေး အကြီးကောင်လေ”
---
